October 6, 2025

ကြံသာရွာကို ပြန်လည်သိမ်းယူပြီး ကမ်းပါးနီအထိ ပြန်လည်ထိုးစစ်ဆင်ရေးအတွက် စကစကြီးမားစွာ ပြင်ဆင်နေ

0

Chinland Channel ၊ ၁၉ ဇူလိုင် ၂၀၂၅

ကလေးတောင်ပိုင်း ဒေသရှိိ ကမ်းပါးနီစခန်းမှစပြီး မှန်တော၊ အောင်သာယာ (အရှေ့၊ အနောက်)၊ ကြံသာရွာအထိ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် စစ်ကောင်စီတပ်သည် လက်ရှိ၎င်းတို့ အခြေပြုရာ ဟံသာဝတီ ရွာမှတဆင့် ပြန်လည်စစ်ကြောင်းထိုးနိုင်ရေး ကြီးမားစွာ ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။

“ လက်ရှိမှာက ဒီတလောအတွင်းတော့ ထိတွေ့တိုက်ပွဲ မရှိဘူးပြောလို့ ရပါတယ်။ ဒီဇူလိုင်အတွင်းမှာ ကြီးမားတဲ့ ထိတွေ့မှုမျိုးတော့ မရှိဘူးပေါ့နော်၊ သူတို့ဘက်က လက်နက်ကြီးနဲ့ ပစ်တာမျိုး၊ ဒရုန်းနဲ့ လာချတာမျိုးရှိတယ်။ ကျနော်တို့ဘက်ကနေလည်း ဒရုန်းနဲ့ သွားချတာမျိုး စသဖြင့်ပေါ့နော် အဲ့လိုမျိုး ရှိပါတယ်။ စစ်ရေးအရ သူတို့ဘက်က ကြီးကြီးမားမား ပြင်ဆင်နေတဲ့ အခြေအနေပါ။ ဆက်သွယ်ရေးမြောင်းတွေ တောက်လျှောက်တူးနေတယ်။ အင်အားတွေ ဖြည့်တယ်၊ လူ လက်နက်ခဲယမ်း အစုံပါပဲ။ သူတို့ဘက်က သတင်းတွေအရ ဆိုရင်တော့ ဒီမိုးတွင်း မကုန်ခင်မှာပဲ ကမ်းပါးနီအထိ ရအောင် စစ်ကြောင်းပြန်ထိုးမယ် ကြားပါတယ်။ အထက်က အမိန့်ပေးထားတယ်ပေါ့နော်။ “ ဟု CDF-KKG မှ တာဝန်ရှိသူ တစ်ဦးက Chinland Channel ကို ဖြေကြားထားသည်။

လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ဟံသာဝတီမှ ပြည်သူ့စစ်အချို့ အလင်းဝင်ရောက်လာမှုများလည်း ရှိကြောင်း သိရှိရသည်။ အလင်းဝင်လာသူတို့ထံမှ သိရှိရသော အချက်အလက်များအရ ဟံသာဝတီမှ ကြံသာဘက်သို့ ပြန်လည်ထိုးစစ်ဆင်မည့် စစ်ကြောင်းတွင် ခမရ ၃၀၉၊ ခလရ ၈၉၊ ခမ ၄၀၊ ခမ ၈၀၊ ထပရ ၉၃၄ အစရှိသော တပ်တို့ ပါဝင်ပြီး မုံရွာ(နမခ) တိုင်းရုံးမှ တိုက်ရိုက်ကွပ်ကဲကြောင်း တိကျသေချာသော ရှေ့တန်းသတင်းရင်းမြစ် Chinland Channel ကို ပြောသည်။

“ အလင်းဝင်လာတဲ့သူတွေရဲ့ ပြောကြားချက်အရ ဆိုရင်တော့ ပြန်ထိုးစစ်ဆင်မယ့် စကစစစ်ကြောင်းကို ဟံသာဝတီရွာကနေ ထမင်းထုပ် ပို့ရတယ်။ ကြံသာစစ်ကြောင်းကိုတော့ ဗိုလ်မှူးအဆင့်က ဦးဆောင်ပြီး ရှေ့စစ်ကြောင်းတွေမှာတော့ ဗိုလ်ကြီးအဆင့်တွေက ဦးဆောင်တာများပါတယ်။ မုံရွာ (နမခ) တိုင်းရုံးက တိုက်ရိုက်ကွပ်ကဲတယ်။ သူတို့မှာက လောလောဆယ် နှစ်မျိုးပေါ့၊ စစ်ထွက်အင်အားနဲ့ နောက်ချန် ဆိုပြီး ထားထားတယ်။ စခ၊ ပစ၊ ပျူစောထီး အားလုံးကိုတော့ ဗျူဟာမှူးက ဦးဆောင်တယ်လို့ သိရတယ်။ လက်ရှိမှာ ဟံသာဝတီပျူအင်အားက ၅၀-၁၀၀ ဝန်းကျင်ရှိတယ် သိရပါတယ်။ ဗိုလ်ကြီးအဆင့်ကိုက ၄-၅ ယောက်၊ တပ်ကြပ်ကြီး ၁၀ ယောက်ဝန်းကျင်၊ တပ်ကြပ် ၁၅ ယောက်လောက်၊ ဒုတပ်ကြပ် ၇-၈ ယောက်လောက် ရှိတယ်လို့ ထွက်ဆိုထားကြတာ ရှိပါတယ်။ စုပေါင်းလိုက်ရင် အင်အားအတော်များတဲ့ သဘောပါပဲ။ ပစတွေအားလုံးကိုတော့ တိုင်းရုံးမှာကတည်းကနေ ဖုန်းသိမ်းထားတယ် ပြောတယ်။ သိရှိရတဲ့ အခြေအနေတွေ အရတော့ သူတို့ဘက်က စစ်ကြောင်း ကြီးကြီးမားမား ပြန်ထိုးမယ့် သဘောပါပဲ။ “ ဟု ရှေ့တန်းသတင်းရင်းမြစ်က Chinland Channel ကို ပြောသည်။

လက်ရှိ ကလေးမြို့တောင်ပိုင်းစစ်ရေး၊ CDF-KKG Major Operation အလွန်ကာလ စစ်ရေးနှင့် ပတ်သက်ပြီး – “ လက်ရှိမှာတော့ Major Operation အနေနဲ့ ဖော်ဆောင်ခဲ့စဉ်က ရရှိထားခဲ့တဲ့ အောင်မြင်မှု၊ နယ်မြေ၊ စခန်းတွေကို တခုမှ ပြန်လည်လက်လွှတ်ရတာ မရှိသေးပါဘူး။ ကျနော်တို့ CDF-KKG နဲ့ မဟာမိတ်တပ်များ ပူးပေါင်းပြီးတော့ ခုခံနိုင်ဆဲ၊ အပြည့်အဝ ထိန်းချုပ်နိုင်ဆဲ ဖြစ်ပါတယ်။ ပြည်သူ့အထောက်အပံ့လည်း အများကြီးလိုတယ်ဆိုတာတော့ ပြောလိုပါတယ်။ ရှေ့တန်းအခက်အခဲတွေကတော့ အားလုံးနီးပါးတောင် သိပြီးဖြစ်ကြမှာပါ။ ကူညီပေးနိုင်ကြဖို့ပဲ တောင်းဆိုလိုပါတယ် “ ဟု အဆိုပါ CDF-KKG မှ တာဝန်ရှိသူက Chinland Channel ကို ပြောသည်။

CDF-KKG Major Operation အမည်ဖြင့် CDF-KKG မှ CNA စစ်ရေးကွပ်ကဲမှုဖြင့် မဟာမိတ်တပ်များနှင့် စစ်ရေးဖော်ဆောင်ခဲ့ရာ ကလေးတောင်ဘက်အစွန်ဘက်ရှိ စစ်ကောင်စီအမာခံစခန်းများဖြစ်သော ကမ်းပါးနီမှ ကြံသာအထိ စကစစခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ယခုခါ စကစမှ စစ်ရေးပြန်လည် တိုးမြင့်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။

ဓါတ်ပုံ – ကြံသာရွာသိမ်းပိုက်စဉ်က သိမ်းဆည်းမိသည်များ (ပုံအဟောင်း)

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed