ကလေး-တီးတိန်လမ်းပိုင်း အတက်ကားကို စစ်ကော်မရှင်တပ် ပြန်ပိတ်၊ လမ်းပိုင်းတွင် ဆီးနှင်းကျမှုကြောင့် လမ်းချော်သဖြင့် ကုန်တင်ယာဥ်တစ်စီး တိမ်းမှောက်
Chinland Channel/ ၉ ဇန်နဝါရီ ၂၀၂၆
ချင်းပြည်မြောက်ပိုင်း၊ ကလေး-တီးတိန်ကားလမ်းမကြီးပေါ်တွင် ဆီးနှင်းများကျဆင်းမှုကြောင့် လမ်းချော်သဖြင့် ကုန်တင်ယာဥ်တစ်စီး တိမ်းမှောက်သွားကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။
ယနေ့ ဇန်နဝါရီလ ၉ရက်ညနေပိုင်းတွင် တီးတိန်- ဆိုဇန်ကြား ဆွောင်းပီးရွာလမ်းခွဲအနီးက ဆီးနှင်းထူထပ်သည့်နေရာတွင် Forland ကားတစ်စီးတိမ်းမှောက်သွားခြင်းဖြစ်သည်ဟု ဆိုသည်။
” အဲ့နေရာက ဆောင်းရာသီရောက်တိုင်း လမ်းချော်နေတာ ဆီးနှင်းကျဆင်းမှုများလို့ဖြစ်တယ်။ လူတွေက ထိခိုက်မှုမရှိဘူး။ ဆိုင်ကယ်ဆိုင်ရင်လည်း ခဏခဏတိမ်းမှောက်တာဗျ။ ” ဟု လမ်းပိုင်းကျွမ်းကျင်သူတစ်ဦးက Chinland Channel ကိုပြောသည်။
ဇန်နဝါရီလ ၇ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည့် ကလေး-သိုင်းငင်း-တီးတိန်လမ်းပိုင်းတွင်လည်း ကုန်တင်ယာဥ်များ ဖြတ်သန်းခွင့်ကို စစ်ကော်မရှင်တပ်က ယနေ့တွင် ပြန်လည်ပိတ်ပင်နေကြောင်း ကလေးဒေသခံများထံမှ သိရသည်။
“မနေ့ကပဲ ပျော်ရမလိုဖြစ်သေးတယ်။ ဒီနေ့ကျ ချင်းတောင်ဘက် အတက်ကားကို ပြန်လည်ပိတ်ထားတယ်။ အဆင်းကားကိုတော့ ဒီအတိုင်းဖြတ်သန်းလို့ရသေးတယ်။ မနေ့က ကုန်ကားတွေဆိုရင်လည်း စကစရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအဆမတန်တောင်းနေကြပါတယ်။ ကျနောက်တို့လည်း သွားချင်ကြတာဆိုတော့ စကစတွေရဲ့ တောင်းသမျှကို လိုက်လျှောပေးရတာပါပဲ ” ဟု ကုန်တင်ယာဥ်မောင်းသူတစ်ဦးက ပြောသည်။
သတင်း-Joshua

